၁။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force–FATF)သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ Public Statement တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။
၂။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် နိုင်ငံအဆင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး အမျိုးသားအဆင့်ကော်မတီတစ်ခုဖွဲ့စည်းခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ခြင်းများအပါအဝင် အွန်လိုင်းလိမ်လည်မှုများနှင့် ဆိုက်ဘာအသုံးပြုလိမ်လည်မှုများ တိုက်ဖျက်ရေး လုပ်ငန်းအချို့ကို ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၌ အွန်လိုင်း လိမ်လည်မှုများနှင့် ဆိုက်ဘာအသုံးပြုလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် တရားမဝင်ငွေကြေး စီးဆင်းမှုအန္တရာယ်များ ကြီးမားကျယ်ပြန့်စွာဖြစ်ပေါ်နေသည်ကို FATF မှ သတိပြုမိကြောင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့်ဆိုက်ဘာအသုံးပြုလိမ်လည်မှုများ၏ ခြိမ်းခြောက် မှုများနှင့်ဆက်နွှယ်သည့် တရားမဝင်ငွေကြေးစီးဆင်းမှုအန္တရာယ်များ တိုက်ဖျက်ရေးအတွက် သင့်လျော်သည့် အရေးယူမှုများဆောင်ရွက်ရန် FATF မှ မြန်မာနိုင်ငံအား တောင်းဆိုပြီး ယင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါ တရားမဝင် ငွေကြေးစီးဆင်းမှုဆိုင်ရာ ခြိမ်းခြောက်မှုများအား တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံသည် ရာဇဝတ်ဂိုဏ်းများမှ လူကုန်ကူးခံရ သူများ၏ အကျိုးစီးပွားအား သေချာစွာထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်ကို စိစစ်တွေ့ရှိရပါသည်။
၃။ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ ဆိုက်ဘာနည်းပညာအသုံးပြု၍ ကျူးလွန်သော လိမ်လည်မှုများသည် ငွေကြေးခဝါချမှုများအပြင် ငွေကြေးစနစ်၏ ယုံကြည်စိတ်ချ ရမှုကိုထိခိုက်စေပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်သကဲ့သို့ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ တစ်ဝှမ်းရှိနိုင်ငံများအပေါ်လည်း ဆိုးကျိုးသက်ရောက်စေကြောင်းကို အပြည့်အဝအသိအမှတ်ပြု ပါသည်။
၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်(၉/၂၀၂၀)ဖြင့် Cryptocurrency များအား တရားဝင်ငွေပေးချေမှုနည်းလမ်း (Legal Tender) အဖြစ် အသုံးပြုခြင်းမပြုရန် ကြေညာထားသကဲ့သို့ အွန်လိုင်းလိမ်လည်မှုများမှ တရားမဝင်ရရှိသော ငွေကြေးများကို cryptocurrency များအဖြစ် ပြောင်းလဲလွှဲပြောင်း၍ မြန်မာ့ငွေကြေးစနစ်အတွင်းသို့ ဝင်ရောက်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးမှုများအရ ဖော်ထုတ်ရရှိပါသည်။ တရားမဝင်ငွေကြေး
လွှဲပြောင်းမှုများသည်လည်း ပြည်ပရှိငွေကြေးစနစ်များကို အသုံးပြုလျက်ရှိသဖြင့် ဒေသတွင်း ငွေကြေးဆိုင်ရာအန္တရာယ်များလျှော့ချရေးသည် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၅။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများအား တိုက်ဖျက်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီးဆောင်ရွက်လျက်ရှိရာ အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ ဖွဲ့စည်းခြင်း၊ အမျိုးသားလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (National Anti-Scam Centre – ASC) ဖွဲ့စည်း တည်ထောင်နိုင်ရေးဆောင်ရွက်နေခြင်း၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအသစ် ပြဋ္ဌာန်းခြင်း၊ အွန်လိုင်း လိမ်လည်မှုနှင့် ဆိုက်ဘာအသုံးပြုလိမ်လည်မှုများ ကျူးလွန်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ နစ်နာခဲ့ရသူများ သို့မဟုတ် ဖော်ထုတ်ရရှိသည့် နိုင်ငံခြားသားနစ်နာသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ပို့ဆောင်ပေးခြင်း၊ တရားမဝင် ဝင်ရောက်လာသူနိုင်ငံခြားသားများအား ပြည်တွင်းဥပဒေအရ စိစစ် ဆောင်ရွက်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်း၊ အွန်လိုင်းလိမ်လည်မှုဌာနများ ထပ်မံမတည်ဆောက်နိုင်ရေး ၎င်းတို့၏ အဆောက်အဦအရင်းအမြစ်များနှင့် အီလက်ထရောနစ် ပစ္စည်းများအား ဖျက်ဆီးခြင်း၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို တက်ကြွစွာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် အသိပေးလျက်ရှိသကဲ့သို့ နိုင်ငံတကာအစည်းအဝေးများတွင် တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၆။ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေးအပိုင်းတွင်လည်း ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေးယန္တရားများ၊ ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်ရေးအစီအစဉ်များ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ အကြား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
၇။ ထို့အပြင် မြန်မာနိုင်ငံသည် FATF ၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန်နှင့် FATF လုပ်ငန်းစဉ်အောက်ရှိ ကျန်ရှိနေသည့် Action Plan အချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်
အခိုင်အမာကတိကဝတ်ပြုထားဆဲ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် FATF မှ မြန်မာနိုင်ငံကို High-Risk Jurisdictions subject to a Call for Action စာရင်းသို့ သတ်မှတ် ထည့်သွင်းခံရပြီးနောက် မြန်မာနိုင်ငံသည် Asia-Pacific Joint Group(APJG)သို့ (၁၇)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ(Progress Report)အား တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ APJG ၏ မျက်နှာချင်းဆိုင် အစည်းအဝေးများနှင့် FATF မျက်နှာစုံညီအစည်းအဝေးများတွင် တက်ကြွစွာပါဝင်ခဲ့ကာ Action Plan အချက် ၁၅ ချက် အနက် ၁၃ ချက်ကို အောင်မြင်စွာ ပြီးစီးခဲ့ပြီး အချက် ၂ ချက်သာ ဆက်လက် ဆောင်ရွက်ရန်ကျန်ရှိပါသည်။ အထက်ဖော်ပြပါတိုးတက်မှုများအပေါ် မြန်မာနိုင်ငံ၏ အဆင့်မြင့် အစိုးရတာဝန်ရှိသူများက ကျန်ရှိသည့် Action Plan အချက်များကို ပြီးမြောက်စေရန် ခိုင်မာသော နိုင်ငံရေးကတိကဝတ်နှင့်ဆုံးဖြတ်ချက်ကို ဆက်လက်ပြသလျက်ရှိကြောင်းတွေ့ရှိနိုင်မည်ဖြစ်ပါသည်။
၈။ UNODC ၏ "Inflection Point: Global Implications of Scam Centers, Underground Banking and Illicit Online Marketplaces in Southeast Asia" (April 2025) အစီရင်ခံစာအရ online scam ကွန်ရက်များသည် အရှေ့တောင်အာရှဒေသအတွင်း အုပ်ချုပ်ရေး အားနည်းသောနယ်မြေများကို အခွင့်ကောင်းယူ၍ ဖြန့်ကျက်လှုပ်ရှားလာခဲ့ကြောင်း၊ ယင်းလုပ်ငန်း များသည် မဲခေါင်ဒေသတစ်ဝှမ်းသာမက အာဖရိက၊ တောင်အမေရိက၊ ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်း ဒေသများအထိ တိုးချဲ့ဖြစ်ပွားလျက်ရှိကြောင်းဖော်ပြထားပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှုများသည်လည်း ဖြန့်ကျက်လှုပ်ရှားလာသည့် online scam ကွန်ရက်များ၏ အစိတ်အပိုင်းများဖြစ်ကြောင်း တွေ့ရှိရပါသည်။
၉။ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု၊ လူအများအပြားသေကြေစေသောလက်နက်များပြန့်ပွားမှုအပေါ် ငွေကြေးထောက်ပံ့မှု၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဆိုက်ဘာအသုံးပြု၍ ကျူးလွန်သော လိမ်လည်မှုများကို တိုက်ဖျက်ရန် မပြောင်းလဲသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ မြန်မာနိုင်ငံသည် FATF အကြံပြုချက်များ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဥပဒေမူဘောင်ကို ဆက်လက်အားကောင်း စေပြီး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာစွမ်းရည်များကိုမြှင့်တင်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ တိုးမြှင့်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိ၏ ဆက်လက်ကြိုးပမ်း ဆောင်ရွက်မှုများ၊ ရရှိခဲ့သည့်တိုးတက်မှုများနှင့် အခိုင်အမာပြသခဲ့သည့်နိုင်ငံရေးကတိကဝတ်များကို အနာဂတ်သုံးသပ်အကဲဖြတ်မှုများနှင့် ဆွေးနွေးမှုများတွင် ထည့်သွင်းအသိအမှတ်ပြုပေးရန် လေးစားစွာ တောင်းဆိုအပ်ပါသည်။
၁၀။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများကြောင့် ထိခိုက်ခံစား နေရသော နိုင်ငံများအားလုံးအတွက် နည်းပညာအကူအညီ၊ သတင်းအချက်အလက်ဖလှယ်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အပံ့များကို နိုင်ငံတကာအသိုက်အဝန်းမှ ဆက်လက်ပံ့ပိုး ပေးရန် မြန်မာနိုင်ငံက တိုက်တွန်းအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နိုင်ငံ တစ်နိုင်ငံ တည်းကမျှ ဤစိန်ခေါ်မှုများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းကို အသိအမှတ်ပြုထားသောကြောင့် ဖြစ်ပါသည်။
၁၁။ မြန်မာနိုင်ငံသည် FATF၊ APG၊ Egmont Group နှင့် အခြားနိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက် နိုင်ငံတကာဘဏ္ဍာရေးစနစ်၏ ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းကာ နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေးရာဇဝတ်မှုများကို ထိရောက်စွာတိုက်ဖျက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်
နေပြည်တော်။